အထာကျချင်တဲ့ ကိုကိုတွေ ဘယ်လို Skin Care သင့်သလဲ
Skin care ဆိုတာ မမတွေပဲ လုပ်ရတဲ့အရာလို့ ထင်နေကြတုန်းလား?
အလှအပအတွက် မဟုတ်တောင် ကြည်လင်ရှင်းသန့်နေဖို့၊ အရွယ်မလွန်ခင် အိုမင်းမှုကို ကာကွယ်ဖို့နဲ့ အရေပြားကင်ဆာတွေ မဖြစ်စေဖို့ ကိုကိုတွေလည်း Skin Care လုပ်သင့်ပါတယ်နော်။
အခုဆိုရင် အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Skin Care Products တွေလည်း အများကြီး ရှိနေပါပြီ။ ဒီတော့ ကိုရီးယားမင်းသားလေးလို ကြည်လင်ချောမောချင်တာလား၊ အနောက်နိုင်ငံက မင်းသားလေးတွေလို ယောကျ်ားပီသခန့်ညားချင်တာလား ဘယ်လိုပုံစံပဲ လိုချင်လိုချင် ကိုကိုတွေ Skin Care ရင် လိုအပ်မယ့် အကြောင်းအရာလေးတွေကို ပြောပြပါမယ် (ကိုကိုတွေလို့ ပြောပေမယ့် မောင်လေးတွေ၊ ဦးဦးတွေလည်း ပါပါတယ်နော်)။
👉 အသားအရေ အမျိုးအစားကို သိပါ
အမျိုးသားတွေမှာလည်း ပုံမှန်အသားအရေလား၊ အသားခြောက်သူလား၊ အဆီပြန်သူလား၊ ပေါင်းစပ်အသားအရေလား၊ ထိခိုက်လွယ်တဲ့ အသားအရေလားဆိုတာကို သိထားဖို့ လိုပါတယ်။ ကိုယ့်အသားအရေပုံစံကို သိထားမှ Skin Care ကို မှန်ကန်စွာ ရွေးချယ်နိုင်မှာပါ။
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆို Oil Free ၊ Alcohol Free နဲ့ Non-comedogenic (ချွေးပေါက်မပိတ်သော) ဖြစ်တဲ့ Products တွေ ရွေးချယ်ရမှာ ဖြစ်ပြီး ထိခိုက်လွယ်တဲ့ အသားအရေဆိုရင်တော့ Fragnance Free ဖြစ်တဲ့ အပျော့စား Products တွေကို ရွေးချယ်သင့်ပါတယိ။
👉 မျက်နှာသေချာသစ်ပါ
မျက်နှာကို ဆပ်ပြာခဲတွေနဲ့ပဲ သစ်နေလို့ မရပါဘူး။ ဆပ်ပြာခဲတွေက အသားအရေကို ခြောက်သွေ့ကြမ်းတမ်းပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ အမျိုးသားတွေက ချွေးထွက်ပိုများတတ်လို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း အပျော့စား မျက်နှာသစ်ဆပ်ပြာ သို့မဟုတ် Cleanser နဲ့ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။
👉 Moisturizer နေ့စဥ်လိမ်းပါ
အိုမင်းရင့်ရော်မှုတွေကနေ ကာကွယ်ဖို့ အရေပြားကို ရေဓာတ်ဖြည့်ပေးမယ့် Moisturizer တွေကိုလည်း ချန်ခဲ့လို့ မရပါဘူး။ မိမိအသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ Moisturizer ကို နေ့စဥ်လိမ်းဖို့ အရေးကြီးပါတယ်။
👉 Suncream နေ့စဥ်လိမ်းပါ
နေပူထဲသွားရင် မိန်းကလေးတွေလို ထီးကြီးဆောင်းပြီး မသွားချင်ကြဘူး မဟုတ်လား။ ထီးမဆောင်းချင်လည်း Suncream တော့ လိမ်းချင်ရပါမယ်။ Suncream လိမ်းတာက အရေးအကြောင်းတွေ ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းက ကာကွယ်နိုင်သလို UV rays တွေကြောင့် အရေပြားကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးမှာမို့ပါ။
👉 Shaving လုပ်ရာမှာ သတိထားပါ
မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေက မကြာခဏ ရိတ်ပေးဖို့ (Shaving) လိုအပ်တဲ့ အရာတွေပါ။ Shaving လုပ်တဲ့အခါ ထိခိုက်ဒဏ်ရာတွေ မရအောင်နဲ့ အသားအရေ မထိခိုက်အောင် Moisturizing ပါတဲ့ Shaving Cream သုံးပြီး အမွှေးပေါက်တဲ့ ဦးတည်ရာအတိုင်း ရိတ်သင့်ပါတယ်။ ရိတ်နေစဥ် ကုတ်ခြစ်တာမျိုးကို ရှောင်ပါ။
👉 အရေပြားကို ပုံမှန်စစ်ဆေးပါ
ခန္ဓာကိုယ်နဲ့ မျက်နှာမှာ မှဲ့အသစ်တွေထွက်နေလား၊ ရှိပြီးသားမှဲ့က သွေးထွက်တာ၊ ပိုကြီးလာတာ၊ အရောင်ပြောင်းလာတာ ရှိလားဆိုတာ အမြဲစစ်ဆေးနေသင့်ပါတယ်။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိတတ်တာမို့ စောစီးစွာသိပြီး ကုသပျောက်ကင်းနိုင်အောင် အရေပြားကို ပုံမှန်စစ်ဆေးပါ။
မိန်းကလေးတွေလို မှုန်နေအောင် ချောမောလှပအောင် နေဖို့မလိုပါဘူး။ အထက်မှာ ပြောခဲ့သလောက်လေးပဲ မိမိအသားအရေကို ပုံမှန်ဂရုစိုက်ခြင်းဖြင့် ခန့်ညားတဲ့ ကိုကိုများဖြစ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
xx 26 Oct 2023 |